ခေါင်းဖြုတ်လဲရမည့် တော်လှန်ရေး

    'တစ်နိုင်ငံလုံး မိုက်ရိုင်းတာ'ဆိုပြီး ငိုကြီးချက်မနဲ့ ဇာတ်ဆရာငိုတဲ့ အသံကြားတော့ ဆရာထူးတစ်ယောက် "ဟိုက် ငါဘာများ လုပ်မိလို့လဲ"ဆိုပြီး ပြန်စဉ်းစားမိသေးသည်။ ဇာတ်ဆရာရဲ့ ရုပ်သံက ငိုသံကြီးနဲ့စပြီး သူတို့ဇာတ်အဖွဲ့သူ အဖွဲ့သားတွေ မိုးထဲရေထဲမှာ အလုပ်လုပ်နေကြကြောင်း ပြောပြီး ချုံးပွဲချ ငိုချလိုက်၊ နောက်ဆုံးမှာ တစ်နိုင်ငံလုံး မိုက်ရိုင်းတာဆိုတော့ နိုင်ငံသူနိုင်ငံသားဖြစ်တဲ့ ဆရာထူးတို့တွေ သူ့အပေါ် ဘာများ မိုက်ရိုင်းမိလိုက်သလဲဆိုပြီး ဖေ့စ်ဘုတ်ပေါ်မှာ အုတ်အော်သောင်းတင်း ဖြစ်ကုန်ကြသည်။ နောက်တစ်နေ့ကြတော့ ဇာတ်ဆရာက တစ်နိုင်ငံလုံး မိုက်ရိုင်းတာမဟုတ်ကြောင်းပြောပြီး တောင်းပန်လေတော့မှ ဆရာထူးတို့ရင်ထဲက အလုံးကြီးကျသွားရလေသည်။ မဟုတ်ရင် သူ့ဇာတ် မိုးထဲရေထဲ မှာကနေတာ ကိုယ်တွေအပြစ်မကင်းသလို ခံစားလိုက်ရသည်။ နိုင်ငံသူနိုင်ငံသား ပြည်သူဆိုတာကလည်း ဇာတ်ဆရာ ဆူရင်လည်းခံရ၊ဇာတ်မင်းသားငေါက်ရင်လည်းခံရဆိုတော့ သူတို့ မျက်နှာကြည့်နေရသည်။ ဒီလိုဆိုတော့ ဇာတ်ဆရာကြီး တရှုပ်ရှုပ်ငိုတဲ့ ရုပ်သံက ဖေ့စ်ဘုတ်တင်သာမက TikTok မှာလည်း လိုက်ငိုကြရင် တစ်နိုင်ငံလုံး ဘုမသိဘမသိနဲ့ မိုက်ရိုင်းတယ်ဟု အပြောခံနေရရှာလေသည်။
    တော်လှန်ရေး ရပ်ဝန်းကိုသွားကြည့်ပြန်တော့လည်း သူတို့ စိတ်ဆန္ဒသဘောနဲ့ နိုင်ငံရပ်ခြားပြေးပြီး တော်လှန်ရေးလုပ်တာ တစ်နှစ်လည်းမပြီး၊ နှစ်နှစ်လည်း မပြီး၊ ငါးနှစ်လည်း မထူးဆိုတော့ ပြည်သူကို အပြစ်ပုံချပြန်လေသည်။ တော်လှန်ရေး ခေါင်းဆောင်မကြီးက ခေါင်းဆောင်မှုမှန်ပြီး ပြည်သူတွေ စုစည်းညီညွတ်ရင် တော်လှန်ရေးက နောက်နှစ်နှစ်ဆိုရင် ပြီးပြီဆိုပြီး ပြည်သူတွေကို ဆူပြန်သည်။ တော်လှန်ရေးမအောင်တာက ပြည်သူတွေ စုစည်းမညီညွတ်တာကြောင့်ဆိုပြီး ခပ်တည်တည် ပြောလေတော့ဆရာ ထူးတို့ ပြည်သူတွေမှာ မျက်စိသူငယ် နားသူငယ်ဖြင့်အပြောခံရပြန်လေသည်။ တော်လှန်ရေးခေါင်းဆောင်မှု မှန်တာ၊ မမှန်တာဆိုတာက ခေါင်းဆောင်ကြီးတွေသာ အသိဆုံးဖြစ်မည်ထင်သည်။ ဘယ် လောက်ထိ ခေါင်းဆောင်မှု မှန်သလဲဆိုရင် ငါးနှစ်ကျော်အထိ ခေါင်းဆောင်ကြီးတွေအလှူတော့ မှန်မှန်ခံ ကြလေသည်။ ကြာတော့ အလှူခံပုဂ္ဂိုလ်တွေ ရှက်၊ မရှက်တော့မသိ လှူကြတန်းကြသူတွေ ရှက်ပြီး တော် လှန်ရေးခွက်ခေါက်တာကို မသိချင်ယောင်ဆောင်ကုန်ကြသည်။
    ဒီတော့ တော်လှန်ရေးခေါင်းဆောင်ကြီးတွေမှာ ရှေ့မျက်နှာ နောက်ထားပြီး လုပ်ငန်းရှင်ကြီးတွေကို ပန်းစည်းယူမလား၊ ပန်းခွေယူမလားဆိုပြီး မိုက်ကြေး ခွဲရလေတော့သည်။
    တော်လှန်ရေးရပ်ဝန်းကတော့ ရုပ်တည်ကြီးတွေဖြင့် ပြောစရာ၊ လုပ်စရာရှိတာကို လုပ်နေကြသည်။ ဟိုတလောက တော်လှန်ရေးသံအမတ်ပြုတ်ကြီး ပဝါစကို အသာချလို့ ငိုပွဲဆင်ခဲ့သည်။ တော်လှန်ပဝါမှာ မျက်ရည်တောင် မခြောက်သေးဘူး။ တော်လှန်ရပ်ဝန်းက  လူတစ်ယောက် ပြည်ပကပေးတဲ့ ဆုတက်ယူတာကို တော်လှန်ရေးကာလ မာလကီးယား သွားကြသော လူရှစ်ထောင်ကျော် နာမည်ပါသည့် ဝတ်ရုံကြီးနဲ့ ဆုတက်ယူလေသည်။ သတင်းကြားကြားချင်း 'တော်လှန်ရေးဖက်ရှင်တွေများတယ် ကောင်းကွာ'ဆိုပြီး အာမေဋိတ်အသံတောင် ထွက်မိသေးသည်။ တော်လှန်ရေးစကတည်းက တော်လှန်ဖေ့စ်ဘုတ် သတင်းဌာနတွေမှာ တပ်မတော်နဲ့ တိုက်ပွဲဖြစ်ရင် တော်လှန်ရေးဘက်တော်သားတွေ အကျအဆုံးမရှိလို့ ယနေ့ထက်ထိ သတင်းရေးလေ့ရှိသည်။ ဒါတောင် လူရှစ်ထောင်ကျော် အမည်ပါတဲ့ ဝတ်ရုံကြီးဝတ်တယ် ဆိုတော့ ကိုဗစ်ကာလမှာ ဆုံးသွားတဲ့ အဘိုးနာမည် များပါလေမလား ဝတ်ရုံကြီးကိုတောင် သွားကြည့် မိချင်သေးသည်။
    ထားပါတော့လေ။ တော်လှန်ရေးခေါင်းဆောင်ကြီးတွေ ပြည်ပပြေးပြီး တော်လှန်ကြတာ အပြစ်မဆိုသာပေမယ့်လည်း ခွက်ခေါက်ရင် မြန်မာပြည်ဘက်လှည့်လှည့်ပြီး ခေါက်တာကတော့ ရုပ်ပေါက်လှသည်။ ဒါတင်မကသေး တော်လှန်ရေးကြီးက နက်ဖြန်သန်ဘက်ပဲပြီး တော့မှာလိုလို တော်လှန်ရေးခေါင်း ဆောင်ကြီးတွေ ရွှေနှုတ်တော်ကဖွင့်ဟခဲ့ပြီး တော်လှန်ရေးက မပြီးတော့မှ ပြည်သူတွေ မစုစည်းလို့၊ မညီညွတ်လို့ တော်လှန်ရေးက ကြာနေတယ်ဆိုတဲ့ အပြောအဆိုတောင် ခံလိုက်ရသေးသည်။ မသိရင် တော်လှန်ရေးကြီးကို ဟိုဇာတ်ဆရာပြောသလို တစ်နိုင်ငံလုံးက မိုက်ရိုင်းနေသလိုကြီး ဖြစ်နေရ ပြန်သည်။ ပြည်သူတွေ စုစည်းညီညွတ်ကြပုံများ ပြောပြလိုက်ရင် တော်လှန်ရေးခေါင်းဆောင်ကြီးတွေ ငိုမဲ့မဲ့ဖြစ် သွားပေလိမ့်မည်။ ပြည်သူတွေ စုစည်းညီညွတ်ကြပုံတွေများ ခုဆိုရင် တောင်ကြီးတန်ဆောင်တိုင်ပွဲ သွားကြည့်ရင် သိနိုင်သည်။
    ဘယ်လောက်ထိ စုစည်းညီညွတ်သလဲဆိုရင် ရှမ်းတောင်မှာ ဟိုတယ်တွေ အခန်းတွေပြည့်နေလို့ တောင်ကြီးသူတောင်ကြီးသားတွေ အိမ်တောင်ပြန်ငှားစားရတဲ့အထိ ညီညွတ်ကြလေသည်။ တစ်နိုင်ငံလုံး တိုင်ပင်မထားဘဲ တန်ဆောင်တိုင်ပွဲတော်ကြီး စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ သွားနေကြပုံများ အမေရိကားက ဟိုမင်းသမီးသိရင် ဖေ့စ်ဘုတ်ပေါ်မှာ တက်ငိုပေလိမ့်မည်။
    တောင်ကြီးတန်ဆောင်တိုင်နှင့်အပြိုင် ရာဇဌာနီ မင်းနေပြည်တော်က ဘုရားပွဲကိုလည်း ခြိမ့်ခြိမ့် သဲကျင်းပမှာဆိုတော့ တစ်နိုင်ငံလုံးက ပြည်သူတွေစု စည်းညီညွတ်စွာ လာကြပေဦးမည်။ မိုလေကင်း လွတ်ရာသီဆိုတော့ ကျောင်းပိတ်ရက်တွေနဲ့ အချိန်ကိုက်ကာ ပြည်သူတွေ စုစည်းညီညွတ်စွာ အမြန်လမ်းပေါ် တက်လာကြပေမည်။ တချို့ကလည်း ရှမ်းပြည်(တောင်ပိုင်း)တခွင် စုစုစည်းစည်း ညီညီညွတ်ညွတ် ချီတက်ကြမည်။တချို့ကလည်း မြန်မာနိုင်ငံအလယ်ပိုင်း ပေါက်ကံပြည်ကြီးဆီသို့ ချီတက်ကာ အဆိုတော် ကြီး ဇော်ဝင်းထွဋ်၏ "မဟာသီချင်းဖြင့် စုစုစည်းစည်း ညီညီညွတ်ညွတ် TikTok ရိုက်ကြမည် ဖြစ်သည်။ တချို့ကလည်း ငွေဆောင်၊ ချောင်းသာဘက်သွားပြီး စုစည်းညီညွတ်ကြမည်။ တချို့ကလည်း ကရင်ပြည် နယ်ဘက်က တောင်ကြားလမ်းတွေမှာ စုစည်းညီညွတ်ကြမည်။
    ဒီလောက်ထိပြည်သူတွေ စုစည်းညီညွတ်ပြ နေတာတောင် တော်လှန်ရေးခေါင်းဆောင်ကြီးဘက်က ပြည်သူတွေကို အပြစ်တင်ကြသေးသည်။ နှစ်ကုန်ရင်လည်း ဟက်ပီးနယူးရီးယားပွဲတွေကို ပြည်သူတွေ စုစည်းညီညွတ်စွာ ကျင်းပကြဦးမည် ဖြစ်သည်။ နှစ်ကုန်လို့ နှစ်သစ်ကူးတဲ့ အတာတန်ခူးမှာလည်း ပြည်သူတွေစုစည်းညီညွတ်စွာ ဆင်နွှဲကြပေဦးမည်။ ဒီလိုညီညွတ်နေတာကို တော်လှန်ရေးခေါင်းဆောင်ကြီးတွေက ဟိုဇာတ်ဆရာလို  'တစ်နိုင်ငံလုံး'ဆိုပြီး သိမ်းကြုံးအပြစ်တင်တာကိုတော့ ဆရာထူးတစ်ယောက် ဘဝင်မတွေ့လှချေ။ တော်လှန်ရေးခေါင်းဆောင်ကြီးတွေဘက်က ခေါင်းဆောင်မှု ကောင်းစေချင်ရင်တော့ ခေါင်းတွေသာ ဖြုတ်လဲကြဖို့ အကြံပြုချင်ပါသည်။                         

ထူးမြတ်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၄၄ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 5

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

69034

© 2022 - 2026 News. All Rights Reserved.